ပြည်သူများထံ အသိပေးပန်ကြားချက် (2026-01-01)

  • အရေးကြီး/ အရေးပေါ်ဖြင့် ပြည်ပသို့ သွားရောက်လိုသူများ Online Booking တင်ရာတွင်လည်းကောင်း၊ ရုံးတွင်းဆောင်ရွက်ရာတွင်လည်းကောင်း စောင့်ဆိုင်းရန် မလိုဘဲ အမြန်ဝန်ဆောင်မှု (Express Service) ဖြင့် လျှောက်ထားနိုင်ရေး စီစဉ်ထားပါကြောင်း၊
  • မည်သည့်အိမ်ထောင်စုစာရင်းဝင်မဆို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) တို့တွင် လျှောက်ထားနိုင်ပါကြောင်း၊
  • လျှောက်လွှာလက်ခံပြီး ၅ ရက်အကြာတွင် နိုင်ငံကူးလက်မှတ်စာအုပ်ရမည် ဖြစ်ပါကြောင်း၊
  • အမြန်ဝန်ဆောင်ခမှာ စာအုပ်ဖိုးအပါအဝင် ၅၄၅,၀၀၀ ကျပ် ဖြစ်ကြောင်း၊
  • အမြန်ဝန်ဆောင်မှု (Express Service) အား ၅-၁-၂၀၂၆ ရက်မှ စတင်မည် ဖြစ်ပါကြောင်း၊ 

    မှတ်ချက်။    အမည်မည်းစာရင်းတွင် ပါဝင်သူများ၊ ပြစ်မှုကျူးလွန်ပြီး စစ်ဆေးချက် မပြီးစီးသူများ၊ ပြစ်ဒဏ်ကာလမပြီးမီ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူများ၊ ပြည်ပထွက်ခွာမှု တားဆီးခံရသူများ၊ နိုင်ငံသားစိစစ်ရန်လိုအပ်သူများ၊ လက်ရှိနိုင်ငံ့ဝန်ထမ်းများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ ထောက်ခံချက်လိုအပ်သူများအနေဖြင့် ငွေ မဆုံးရှုံးစေရေးအတွက် ရုံးများတွင် စုံစမ်းပြီးမှသာ လျှောက်ထားရန်။
    စုံစမ်းရန်: 0673411580, 09882156633, 095053363, 095171660, 09694638778

ပြည်သူများသို့အသိပေးပန်ကြားချက် (2025-08-28)

ပြည်တွင်းတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားလာမှုနှင့် ပတ်သက်၍ ၁-၉-၂၀၂၅ ရက်မှစ၍ စာအုပ်ဖိုးငွေ ၄၀,၀၀၀ ကျပ်မှ ၄၅,၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းအသိပေး အကြောင်းကြားအပ်ပါသည်။

ပြည်သူများသို့အသိပေးပန်ကြားချက် (2025-05-22)

၂၀၂၅ ခုနှစ် မေလ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ ၃၈ မိနစ် ခန့်၌ Online Appointment စနစ်၏ အခြေခံ Redundancy စနစ်သည် စက်ချွတ်ယွင်းမှု အခြေအနေတစ်ရပ် ဖြစ်ပေါ်ခဲ့ပါသဖြင့် အဆိုပါ ၂ နာရီ ၃၈ မိနစ်အချိန်မှစ၍ ၄ နာရီ ၂၀ မိနစ် အကြားတွင် ပြုလုပ်ထားသော Online Application များအား စနစ်မှ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိပါ။ သို့ပါ၍ အဆိုပါအချိန်အတွင်း၌ Online Application လျှောက်ထားခဲ့သူများအနေဖြင့် မိမိတို့ လျှောက်ထားမှုများအား "ရက်ချိန်းစစ်ဆေးရန်" တွင် ပြန်လည်စစ်ဆေးကြည့်ရှု၍ လိုအပ်ပါက တစ်ကြိမ်ထပ်မံ အသစ်ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး ငွေပေးချေမှုကိုလည်း ပြန်လည် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါသည်။

၂၀၂၅ ခုနှစ် မေလ ၂၁ ရက်နေ့ နေ့လည် ၂ နာရီ ၃၈ မိနစ် နှင့် ၄ နာရီ ၂၀ မိနစ် အကြားတွင် လျှောက်ထားခဲ့ပြီး Appointment မရရှိခဲ့သော ငွေပေးချေမှုများအတွက် သတ်မှတ်ထားသော ငွေကြေးနှင့်ဘဏ်လုပ်ငန်းစနစ်များအရ ဘဏ်ဖွင့်ရက် (၂)ရက်အတွင်း မိမိတို့ မူလ အကောင့်အတွင်းသို့ အလိုအလျောက် Refund ပြန်လည် ဝင်ရောက်မည် ဖြစ်ပါသည်။ အကယ်၍ ဘဏ်ဖွင့်ရက် (၂)ရက်အတွင်း Refund ပြန်လည်မရရှိပါက သက်ဆိုင်ရာဘဏ်မှတဆင့် ဆက်သွယ်စုံစမ်းပေးပါရန် လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါသည်။

ပြည်သူများသို့အသိပေးပန်ကြားချက် (2025-05-01)

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online ငွေပေးချေမှုအား KBZ Pay စနစ်, MPU ကတ် စနစ်နှင့် AYA Pay စနစ်များဖြင့် လက်ခံဆောင်ရွက်ပေးနေလျက်ရှိရာမှ အများပြည်သူ ပိုမိုလွယ်ကူအဆင်ပြေစွာ ငွေပေးချေနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှု National QR Standard ဖြစ်သည့် MMQR စနစ်ကိုပါ အသုံးပြု၍ ငွေပေးချေနိုင်ရန် ၂၀၂၅ ခုနှစ် မေလ (၂) ရက်နေ့မှ စတင် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။  သို့ပါ၍ ၂၀၂၅ ခုနှစ် မေလ (၂)ရက်နေ့မှ စ၍ သက်ဆိုင်ရာ ငွေပေးချမည့်နေ့ရက်တွင် MMQR စနစ်နှင့် နည်းပညာချိတ်ဆက်မှု အသင့်ဖြစ်သည့် မိုဘိုင်းဘဏ်လုပ်ငန်းစနစ်များ၊ Mobile Wallet ဆောင်ရွက်သော ဘဏ်များနှင့်ငွေပေးချေမှုအဖွဲ့အစည်းတိုင်း၏ MMQR စနစ်အသီးသီးတို့ဖြင့် မိမိတို့၏ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ငွေပေးချေနိုင်မည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။

ပြည်သူများသို့အသိပေးပန်ကြားချက် (2025-04-25)

  • သဘာဝဘေးအန္တရာယ်ကြောင့် ခေတ္တရပ်ဆိုင်းခဲ့သည့် Online Appointment System ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုအား မေလ ၁ ရက်နေ့မှ စ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း
  • ရန်ကုန်၊ မြစ်ကြီးနား နှင့် လားရှိုး မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် နိုင်ငံကူးလက်မှတ်ဆောင်ရွက်ရန် Online Appointment Date ရရှိထားသူများအား ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် Appointment Date များ ပြင်ဆင်ထားရှိပါသဖြင့် မိမိတို့ရရှိထားသည့် Appointment Date များကို ပြန်လည်စိစစ်၍ အဆိုပါ ရက်များတွင် သက်ဆိုင်ရာရုံးများ၌ ဆောင်ရွက်နိုင်ပါကြောင်း
  • မြစ်ကြီးနားရုံးတွင် လျှောက်ထားရန် Appointment Date ရရှိသူများသည် မြစ်ကြီးနား၊ မန္တလေးနှင့် ရန်ကုန်ရုံးများတွင်လည်းကောင်း၊ လားရှိုးရုံးတွင် လျှောက်ထားရန် Appointment Date ရရှိသူများသည် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးရုံးများတွင်လည်းကောင်း လျှောက်ထားနိုင်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

ပြည်သူများအား အသိပေးပန်ကြားချက် (2024-11-29)

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုအား Online မှ ငွေပေးချေသည့် Online Appointment System ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ငွေပေးချေမှုအား ကမ္ဘောဇဘဏ်၏ KBZ Pay  ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။
သို့ရာတွင် AYA Pay အသုံးပြုလျက်ရှိသော အများပြည်သူများ အဆင်ပြေနိုင်စေရေးအတွက် ၁-၁၂-၂၀၂၄ ရက်မှစ၍ ဧရာဝတီဘဏ်၏ AYA Pay ဖြင့်လည်း ငွေပေးချေနိုင်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

ပြည်သူများအားအသိပေးပန်ကြားချက် (2024-10-27)

ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများသည် Passport for Job (PJ) အမျိုးအစား လျှောက်ထားရမည့်အစား Passport for visit (PV) အမျိုးအစား နိုင်ငံကူးလက်မှတ်များ လျှောက်ထားပြီး ထွက်ခွာကြသဖြင့် လေဆိပ်တွင် အဆင်မပြေမှုများဖြစ်ပေါ်နေမှု ဖြစ်ပေါ်နေ၍ အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အလုပ်အကိုင်ဆိုင်ရာ အထောက် အထားဖြင့် ၎င်းတို့၏သက်တမ်းရှိ PV အမျိုးအစားအား PJ အမျိုးအစား နိုင်ငံကူးလက်မှတ် လျှောက်ထားလာပါက ၄-၁၁-၂၀၂၄ ရက် မှစ၍ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေး ပန်ကြားအပ်ပါသည်။

ပြည်သူများထံ အသိပေးပန်ကြားချက် (2024-10-11)

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ (မြစ်ကြီးနား)တွင် နိုင်ငံကူးလက်မှတ် ဆောင်ရွက်ရန် Online Appointment Date ရရှိထားသူများအား ရန်ကုန်ရုံးနှင့် မန္တလေး ရုံးခွဲတို့တွင် ဆောင်ရွက်ပေးလျက်ရှိရာမှ ၁၄-၁၀-၂၀၂၄ ရက်မှစပြီး မြစ်ကြီးနားရုံးခွဲတွင်သာ ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ပါ၍ သက်ဆိုင်ရာအိမ်ထောင်စုဝင်များအနေဖြင့် သတ်မှတ်ထားသော စာရွက်စာတမ်းများနှင့်အတူ မြစ်ကြီးနားရုံးခွဲတွင် နိုင်ငံကူးလက်မှတ်များ လျှောက်ထားနိုင်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

ပြည်သူများထံ အသိပေးပန်ကြားချက် (2024-09-01)

  • မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(လားရှိုး)တွင် Online Appointment Date ရရှိထားသူများအနေဖြင့် ရန်ကုန်ရုံးနှင့် တောင်ကြီးရုံးတို့တွင် လျှောက်ထားနိုင်သည့် အပြင် ၂-၉-၂၀၂၄ ရက်မှစ၍ မန္တလေးရုံးခွဲ တွင်လည်း လျှောက်ထားနိုင်ပါကြောင်း၊
  • မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(မြစ်ကြီးနား)တွင် Online Appointment Date ရရှိထားသူများအနေဖြင့် မန္တလေးရုံးခွဲတွင် လျှောက်ထားနိုင်သည့်အပြင် ၂-၉-၂၀၂၄ ရက်မှ စ၍ ရန်ကုန်ရုံးတွင်လည်း လျှောက်ထားနိုင်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

ပြည်သူများထံ အသိပေးပန်ကြားချက် (2024-08-29)

  • ပြည်တွင်းတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားလာမှုနှင့် ပတ်သက်၍ ၁-၉-၂၀၂၄ ရက်မှစ၍ စာအုပ်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

ပြည်သူများထံ အသိပေးပန်ကြားချက် (2024-08-13)

  • မြစ်ကြီးနားရုံးခွဲတွင် ၂၂-၇-၂၀၂၄ ရက်မှစ၍ Appointment Date ရယူထားပီး နိုင်ငံကူးလက်မှတ် လျှောက်ထားမည့်သူများအား ၁၃-၈-၂၀၂၄ ရက်မှစ၍ မန္တလေးရုံးတွင် ဆောင်ရွက်နိုင်ပါကြောင်း၊
  • လားရှိုးရုံးခွဲတွင် ၅-၇-၂၀၂၄ ရက်မှစ၍ Appointment Date ရယူထားပီး နိုင်ငံကူးလက်မှတ် လျှောက်ထားမည့်သူများအား ၁၃-၈-၂၀၂၄ ရက်မှစ၍ ရန်ကုန်ရုံးနှင့်တောင်ကြီးရုံးတွင် ဆောင်ရွက်နိုင်ပါကြောင်း၊

ပြည်သူများထံ အသိပေးပန်ကြားချက် (2024-04-26)

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)တွင် ၂၄-၂-၂၀၂၃ ရက်မှစ၍လည်းကောင်း၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးတို့တွင် ၂၆-၂-၂၀၂၄ ရက်မှစ၍လည်းကောင်း Online Appointment System စနစ်ဖြင့် လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိပါသည်။
  • မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးတို့တွင် ၂-၅-၂၀၂၄ ရက်နေ့မှစ၍ Online Appointment System ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
  • နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအိမ်ထောင်စုစာရင်းနှင့် Online Booking လျှောက်ထားနိုင်ပါကြောင်း၊
  • ကယားပြည်နယ်အိမ်ထောင်စုစာရင်းဝင်သူများသည် ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်) တိုင်းစစ်ဌာနချုပ် ထောက်ခံချက်ဖြင့် တောင်ကြီးရုံးခွဲကို ရွေးချယ် လျှောက်ထားနိုင်ပါကြောင်း၊
  • ကျန်ပြည်နယ်/ တိုင်းဒေသကြီးများရှိ ရုံးခွဲများတွင် သက်ဆိုင်ရာ အိမ်ထောင်စုစာရင်းဝင်များကိုသာ လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊
  • နိုင်ငံကူးလက်မှတ်လျှောက်ထားမည့်သူများသည် ၁-၅-၂၀၂၄ ရက်နေ့ ၀၉:၀၀ အချိန်မှစ၍ ရက်ချိန်းယူနိုင်ပါကြောင်း၊
  • နိုင်ငံကူးလက်မှတ်လျှောက်ထားသူများ ရက်ချိန်းယူရာတွင် မိမိတို့၏ အိမ်ထောင်စုစာရင်းရှိရာ ရုံးခွဲများကို ရွေးချယ်ပြီး ကိုယ်တိုင်ဆောင်ရွက်နိုင်ရေး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ Website ဖြစ်သည့် www.passport.gov.mm တွင် ကြိုတင်လေ့လာနိုင်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

ပြည်သူများထံ အသိပေးပန်ကြားချက် (2024-03-19)

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး နှင့် ပုသိမ် ရုံးတို့တွင် Online Appointment System စနစ်ဖြင့် လည်းကောင်း၊ ကျန်ရုံးခွဲများတွင် လူတန်းစီစနစ်ဖြင့်လည်းကောင်း လုပ်ငန်းစဉ်အတိုင်းစိစစ်၍ ဆောင်ရွက် ပေးလျက်ရှိပါသည်။
ယင်းသို့ဆောင်ရွက်ပေးရာတွင် နိုင်ငံသား ဟုတ်/ မဟုတ် စိစစ်နိုင်ရန် ၂၂-၄-၂၀၂၄ ရက်နေ့မှ စ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စိစစ်ထုတ်ပေးထားသော UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ်များ ယူဆောင်လာကြပါရန်နှင့် ၎င်းအထောက်အထား လက်မှတ်မပါရှိသော လျှောက်ထားသူများအား စာအုပ်ထုတ်ယူရမည့် (၁၀) ရက်အတွင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် အမြန်ဆုံးဆောင်ရွက်ကြပါရန်နှင့် UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ် မပါရှိသူများကို နိုင်ငံကူးလက်မှတ်စာအုပ် ထုတ်ပေးမည် မဟုတ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

ပြည်သူများအားအသိပေးပန်ကြားချက် (2024-02-24)

  • မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့် ၂၇၀၀ ဦး နှုန်းဖြင့် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
  • နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင် သတ်မှတ်လူဦးရေအတိုင်း ရုံးဖွင့်ရက်များတွင် နေ့စဉ်လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
  • ၂၆-၂-၂၀၂၄ ရက်နေ့မှစ၍ မန္တလေး၊ ပုသိမ်၊ နေပြည်တော်၊ ပဲခူး ရုံးခွဲတို့တွင်ဆောင်ရွက်နိုင်မည့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အိမ်ထောင်စု စာရင်းဝင် နိုင်ငံကူးလက်မှတ်လျှောက်ထားမည့်သူများအတွက် အဆင်ပြေချောမွေ့စေရေးအတွက် KBZPay / MPU Card ဖြင့် (၂၅-၂-၂၀၂၄)နေ့၊ နံနက်(၉)နာရီမှစ၍ Online မှ Booking တင်၍ Appiontment Date ရယူဆောင်ရွက်နိုင်ပါကြောင်း၊
  • သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဝင်သူများမဟုတ်ပါက Booking ရသော်လည်း ဆောင်ရွက်ပေးမည် မဟုတ်ပါကြောင်း၊
  • Online မှ Booking ရရှိပြီးသူများ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားမှုအား လဝကမှ စိစစ်ထားသော UID နံပါတ် များ ရှိပါက တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ပါကြောင်း၊
  • Online မှ Booking တင်ရာတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ Website ၏ www.passport.gov.mm တွင် ဝင်ရောက်လျှောက်ထားနိုင်ပြီး KBZPay / MPU Card ဖြင့် ငွေပေးချေခြင်းဖြင့် ကြားခံပွဲစား/ အကျိုးဆောင်များ မလိုအပ်ဘဲ ကာယကံရှင် ကိုယ်တိုင်သာ လျှောက်ထားနိုင်ရေးစီစဉ်ထားရှိခြင်းဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ပြည်သူများထံ အသိပေးပန်ကြားချက် (2024-02-19)

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့် ၂၇၀၀ ဦး နှုန်းဖြင့်လည်းကောင်း၊ နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင် သတ်မှတ်လူဦးရေအတိုင်း လည်းကောင်း ရုံးဖွင့်ရက်များတွင် နေ့စဉ်လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

လက်ရှိအချိန်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်ပြီး ကောလာဟလသတင်းများထွက်ပေါ်နေ၍ နိုင်ငံကူးလက်မှတ်ရရှိရေး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိသဖြင့် အမှန်တကယ်သွားရောက်လိုသူများကို ယခင်သတ်မှတ်ထားသော လုပ်ငန်းစဉ်၊ ခွင့်ပြုအရေအတွက်များအတိုင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကောလာဟလသတင်းများထုတ်ပြန်၍ ငွေကြေးအဆမတန်တောင်းခံသူများ၊ ကြားခံပွဲစားများအား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။

ပြည်သူများထံ အသိပေးပန်ကြားချက် (2024-01-01)

  • မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အရေးကြီး/အရေးပေါ်၊ ပညာရေး၊ ကျန်မာရေးကိစ္စရပ်များဖြင့် ပြည်ပသို့အချိန်မီသွားရောက်ရန် လိုအပ်သူများ အတွက် ခိုင်လုံသောအထောက်အထားများနှင့်အတူ Green Channel ဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • ပွဲစားများသည် လူမှုကွန်ရက်မီဒီယာပေါ်တွင် အဆမတန်ငွေကြေးများပိုမိုတောင်းခံ၍ လိမ်လည်ဆောင်ရွက်ခြင်းများတွေ့ရှိရ၍ ပြည်သူများအနေဖြင့် လိမ်လည်မှုမခံရစေရေး သတိပြုသွားကြရန်လိုအပ်ပါမည်။
  • Green Channel ဖြင့် လျှောက်ထားသူများသည် www.passport.gov.mm website တွင် ကြေညာထားသည့်အတိုင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၊ ရုံးအမှတ်(၃၈) နေပြည်တော် (ဖုန်း ၀၆၇-၃၄၁၁၅၈၀) လိပ်မူပြီး လျှောက်ထားနိုင်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။

အများပြည်သူထံသို့ အသိပေးပန်ကြားချက် (2023-08-09)

၁။

အရေးကြီး/ အရေးပေါ်၊ ကျန်းမာရေးနှင့် ပညာရေး ကိစ္စရပ်များဖြင့် ပြည်ပသို့ အချိန်မီ သွားရောက်ရန် လိုအပ်သူများအတွက် အထောက်အထားခိုင်လုံစွာဖြင့် နိုင်ငံကူးလက်မှတ် အမြန်ထုတ်ယူရရှိရန် Green Channel ဖြင့် စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၂။

၎င်းအပြင် MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သင်္ဘောသားများ၊ ပြည်ပသို့ ခွင့်ဖြင့်သွားရောက်မည့် ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားအေဂျင်စီများ၊ ပညာသင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အစိုးရကိစ္စရပ်များဖြင့် သွားရောက်မည့်သူများအနေဖြင့် အချက်အလက်ပြည့်စုံမှန်ကန်စွာဖြင့် တင်ပြလာမှုအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ညွှန်ကြားရေးမှူးချုပ် အဆင့်နှင့်အထက် တာဝန်ရှိသူများမှ လက်မှတ်ရေးထိုးထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတစ်ဆင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးသို့ စာဖြင့်ကြိုတင်လျှောက်ထားပြီးပါက Green Channel အဖြစ် စိစစ်လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။။

၃။

သို့ဖြစ်ပါ၍ Green Channel ဖြင့်‌ လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ လိပ်စာသို့ လိပ်မူ၍ ပေးပို့လျှောက်ထားနိုင်ပါသည်-


(က) လိပ်စာ        ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၊
            ရုံးအမှတ်(၃၈) ၊ နေပြည်တော်


(ခ) တယ်လီဖုန်းအမှတ်    0673411580 / 09882156633

ပြည်တွင်း/ပြည်ပ ပျောက်ဆုံး/ပျက်စီးမှုများ ပြန်လည်လျှောက်ထားမှုနှင့်
ပတ်သက်၍ အသိပေးကြေညာခြင်း (2023-07-21)

၁။

မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများသို့သွားရောက်နိုင်ရေးအတွက် နိုင်ငံကူးလက်မှတ်များလျှောက်ထားမှု အစဉ်ပြေချောမွေ့စေရန် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ ဦးဆောင်၍ စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါသည်။

၂။

မြန်မာနိုင်ငံကူးလက်မှတ်သည် မြန်မာနိုင်ငံသားဖြစ်မှု အထောက်အထားတစ်ခုဖြစ်ပြီး အရေးကြီးသော သက်သေခံအထောက်အထားတစ်ခုဖြစ်၍ မသက်ဆိုင်သော သူများလက်ထဲသို့ မရောက်ရှိရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်မှာ နိုင်ငံကူးလက်မှတ်ထုတ်ယူထားသည့် နိုင်ငံသားတိုင်း၏ အထူးတာဝန်ဖြစ်သော်လည်း လစဉ် နိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ပျက်စီး၍ ပြန်လည်လျှောက်ထားသူ များပြားလျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

၃။

မြန်မာနိုင်ငံကူးလက်မှတ် ပြည်တွင်း၌ပျောက်ဆုံးသူများ ပြန်လည်လျှောက်ထားမည်ဆိုပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ပျောက်ဆုံးကြောင်း ရဲစခန်း ထောက်ခံချက်တို့ဖြင့် နိုင်ငံပိုင်သတင်းစာတစ်ခုခုတွင် နိုင်ငံကူးလက်မှတ်ပြန်လည်ရရှိနိုင်ရေးအတွက် အမည်၊ အဘအမည်၊ နိုင်ငံသား စိစစ်ရေး ကတ်အမှတ်၊ ပျောက်ဆုံးနိုင်ငံကူးလက်မှတ်အမှတ်တို့အား မှန်ကန်စွာ ထည့်သွင်းကြော်ငြာရမည်ဖြစ်ပါသည်။

၄။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှစတင်၍ သတင်းစာတွင်ကြော်ငြာပါရှိပြီး ၆ လ အကြာတွင် အဆိုပါသတင်းစာ(မူရင်း)နှင့်အတူ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများသို့ သွားရောက်၍ ပြည်တွင်းတွင်အမှန်တကယ်ပျောက်ဆုံးကြောင်း ကိုယ်တိုင်ခံဝန်ကတိပြု လက်မှတ် ရေးထိုးခြင်း၊ စာအုပ်ဖိုးငွေ ၄၀,ဝဝဝ ကျပ်၊ ပျောက်ဆုံး/ပျက်စီး ဒဏ်ကြေးငွေ ၅၆,ဝဝဝ ကျပ်၊ စုစုပေါင်း ၉၆,ဝဝဝ ကျပ် ပေးဆောင်ခြင်းတို့ ပြုလုပ်ပြီး မြန်မာနိုင်ငံကူးလက်မှတ်အသစ် ပြန်လည်လျှောက်ထားရမည် ဖြစ်ပါသည်။

၅။

မြန်မာနိုင်ငံကူးလက်မှတ်စွန်းထင်းခြင်း၊ ရေစိုခြင်း၊ ရေးခြစ်ထားခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံကူးလက်မှတ်ပျက်စီးခြင်းဖြစ်ပွားပါက ပြည်ပသို့ ထွက်ခွာနိုင်ရေး ပြန်လည်လျှောက်ထားမည် ဆိုပါက ပျက်စီးသည့်စာအုပ်နှင့်အတူ စာအုပ်တန်ဖိုး ၄၀,ဝဝဝ ကျပ်၊ ပျက်စီးဒဏ်ကြေးငွေ ၅၆,ဝဝဝ ကျပ်၊ စုစုပေါင်း ၉၆,ဝဝဝ ကျပ် ပေးဆောင်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး/ရုံးခွဲများတွင် လျှောက်ထားနိုင်ပါသည်။

၆။

ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ယင်းတို့၏ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ပျက်စီးခြင်းများ ဖြစ်ပေါ်ပါက အောက်ပါ စာရွက်စာတမ်းများနှှင့်အတူ လူကိုယ်တိုင် သက်ဆိုင်ရာသံရုံးသို့သွားရောက်၍ စာအုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာ၊ ပျောက်ဆုံးဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၀၅ ဒေါ်လာ၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၀ ဒေါ်လာ နှင့် ညီမျှသည့် သက်ဆိုင်ရာနိုင်ငံများ၏ ငွေကြေးတန်ဖိုးအတိုင်းပေးသွင်း၍ နိုင်ငံကူးလက်မှတ်အသစ်အား ပြန်လည်လျှောက်ထား နိုင်ပါသည်-

  • (က) နိုင်ငံသားစိစစ်ရေးကတ် မူရင်း/ မိတ္တူ
  • ( ခ) အိမ်ထောင်စုစာရင်း မူရင်း/ မိတ္တူ
  • ( ဂ) သက်တမ်းရှိအလုပ်သမား Work Permit (မှီခိုဖြစ်ပါက မှီခိုသူ ဇနီး/ ခင်ပွန်း/ မိဘ တို့၏ Work Permit နှင့် မိသားစုတစ်စုတည်း အိမ်ထောင်စုစာရင်း ဖြစ်ရမည် ဖြစ်ကြောင်း)
  • (ဃ) ပျောက်ဆုံးနိုင်ငံကူးလက်မှတ်မိတ္တူ (မရှိပါက နိုင်ငံကူးလက်မှတ်အမှတ်)
  • ( င) သက်ဆိုင်ရာနယ်မြေရဲစခန်း၏ ရဲစခန်းထောက်ခံစာ

၇။

ပြည်ပနိုင်ငံများတွင် နိုင်ငံကူးလက်မှတ်ပျောက်ဆုံးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာရာတွင် သက်ဆိုင်ရာလေဆိပ်/နယ်စပ် ဝင်/ထွက်ပေါက်များသို့ ရောက်ရှိပါက CI မူရင်းအား အပ်နှံရပြီး မိတ္တူကူးခြင်း (သို့မဟုတ်) ဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်၍ နိုင်ငံကူးလက်မှတ်အသစ် ပြန်လည်လျှောက်ထား လိုပါက မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် ပြည်ပပျောက်ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၁၀၅ ဒေါ်လာ နှင့်ညီမျှသည့် မြန်မာငွေ (လက်ရှိ ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထား)နှင့် စာအုပ်ဖိုးငွေ ၄၀,ဝဝဝ ကျပ် ပေးသွင်းပြီး ပြန်လည်လျှောက်ထားနိုင်ပါသည်။

၈။

မြန်မာနိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်သည် မြန်မာနိုင်ငံသားဖြစ်မှု အထောက်အထားတစ်ခုအဖြစ် အရေးကြီးသော သက်သေခံအထောက်အထားတစ်ခုဖြစ်၍ မသက်ဆိုင်သောသူများလက်ထဲသို့ မရောက်ရှိရေးအတွက် မိမိတို့ကိုယ်တိုင်ထုတ်ယူထားသည့် မိမိတို့၏ နိုင်ငံကူးလက်မှတ်များအပေါ် အခြားသူများမှ အလွဲသုံးစားမပြုနိုင်ရေး ဂရုတစိုက်ကိုင်တွယ်ထိန်းသိမ်းသွားရန်ဖြစ်ပြီး ပျောက်ဆုံး၍ အသစ်ပြန်လည်လျှောက်ထားရာတွင် အချက်အလက်များလိမ်လည်ဖော်ပြခြင်းအား စိစစ်တွေ့ရှိရပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Green Channel ဖြင့် လျှောက်ထားခြင်းအတွက် လမ်းညွှန်ချက် (2023-02-24)

၁။

Green Channel သည် အရေးကြီး/ အရေးပေါ်ကိစ္စရပ်များဖြင့် ပြည်ပသို့ အချိန်မီ သွားရောက်ရန် လိုအပ်သူများအတွက် နိုင်ငံကူးလက်မှတ် အမြန်ထုတ်ယူရရှိရန် စီစဉ်ထားခြင်း ဖြစ်ပါသည်။

၂။

Green Channel ဖြင့် လျှောက်ထားရာတွင် MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သင်္ဘောသားများ၊ ပြည်ပသို့ ခွင့်ဖြင့်သွားရောက်မည့် ကိစ္စရပ်များ၊ ပြည်ပသို့ ဆေးကုသွားမည့်သူများ၊ ဆေးကုဖော် လိုက်ပါမည့်သူများ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားအေဂျင်စီများ၊ ပညာသင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အစိုးရကိစ္စရပ်များဖြင့် သွားရောက်မည့် သူများအနေဖြင့် အချက်အလက် ပြည့်စုံမှန်ကန်စွာဖြင့် တင်ပြလာမှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ညွှန်ကြားရေးမှူးချုပ် အဆင့်နှင့်အထက် တာဝန်ရှိသူများမှ လက်မှတ်ရေးထိုး ထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတဆင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးသို့ စာဖြင့် ကြိုတင်လျှောက်ထားပြီးပါက Online Appointment ပြုလုပ်ခြင်းဖြင့် ရက်ချိန်းရယူရန် မလိုအပ်ဘဲ Green Channel အဖြစ် လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၃။

ဥက္ကဋ္ဌရုံးသို့ ထောက်ခံတင်ပြပေးရမည့် ဝန်ကြီးဌာနများအနေဖြင့် မိမိသွားရောက်မည့် အကြောင်းအရာနှင့် ဆက်စပ်သည့် ဝန်ကြီးဌာနများဖြစ်ပြီး ဥပမာ- MoU အလုပ်သမားများအတွက် အလုပ်သမားဝန်ကြီးဌာန၊ ဘာသာရေးကိစ္စ/ သံဃာ/သီလရှင်များအတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သင်္ဘောသားများ/လေကြောင်းဝန်ထမ်းများအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆေးကု/ကျန်းမာရေးကိစ္စများအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းများအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အစိုးရကိစ္စ/ ပညာသင်ကိစ္စများအတွက် လုပ်ငန်း ဆက်စပ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့်အထက်အဆင့်များ ထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတဆင့် ဥက္ကဋ္ဌ/အတွင်းရေးမှူး၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(နေပြည်တော်) သို့ ရုံးစာဖြင့် ပေးပို့တင်ပြသွားရန် ဖြစ်ပါသည်။

၄။

ဥက္ကဋ္ဌရုံးမှ ယင်းထောက်ခံချက်နှင့်အတူ စိစစ်ခွင့်ပြုချက်များကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)သို့ ကြိုတင်စာရင်းပေးသွင်းထားမည် ဖြစ်ပါသည်။ Online Appointment စနစ်မှ ရုံးသို့လာရောက်ရမည့်ရက်ချိန်းကို ထုတ်ပေးမည်မဟုတ်ဘဲ ဥက္ကဋ္ဌရုံးမှ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံး(ရန်ကုန်)သို့ အမြန်ဆုံးစိစစ်ပေးပို့သွားမည်ဖြစ်၍ သက်ဆိုင်ရာမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် ဆက်သွယ်ဆောင်ရွက် သွားရန် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက ဥက္ကဋ္ဌရုံး၊ ဖုံးနံပါတ် ၀၉၈၈ ၂၁၅ ၆၆၃၃၊ ၀၆၇-၃၄၁ ၂၈၃၀၊ ၀၆၇-၃၄၁ ၂၈၃၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။